မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်
တွေက အမှု ၅ မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင် (ခေါ်) နုရာဟက်
ကို စစ်တွေခရိုင် တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ဒေါက်တာ ထွန်းအောင် (ခေါ်) နုရာဟက်ကို အာဏာပိုင်တွေက ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ-၄၆၈၊ ၄၂၀ - မှတ်ပုံတင် အတုပြုလုပ်မှု၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်
စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၅၃(က)၊
၅၀၅(ခ)၊ ၁၄၈ - နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတဲ့အမှု၊ နိုင်ငံခြားငွေ
လဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က)၊ အရေးပေါ်စီမံမှု
အက်ဥပဒေ ပုဒ်မ-၅(ည) နဲ့ စွဲဆိုပြီး ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါက်တာ ထွန်းအောင်ရဲ့ သမီးဖြစ်သူ UNHCR အကြီးတန်းအရာရှိ
မမြနန္ဒာအောင်နဲ့ ခင်ပွန်းဖြစ်သူကိုလည်း အာဏာပိုင်တွေက ရခိုင်ပြည်နယ်
ပဋိပက္ခအတွင်း ဖမ်းဆီးပြီး ရန်ကုန်အင်းစိန်ထောင်မှာ ထိန်းသိမ်းထားဆဲ ဖြစ်
တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) အရ
ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါက်တာ ထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးက
ထောင်ဒဏ်-၃ နှစ်ချမှတ်ခဲ့ပြီးဖြစ်ပြီး ကျန်ရှိတဲ့ ပုဒ်မတွေအတွက် ဒီကနေ့ ထပ်မံ
ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာ ထွန်းအောင်ကို အခုလို ထောင်ဒဏ်- ၃ နှစ်ချမှတ်ခဲ့တာကို မကျေနပ်
တဲ့အတွက် စစ်တွေမြို့က တရားလွှတ်တော် ရှေ့နေ ဦးစံလှက အယူခံဝင်ဖို့
စီစဉ်နေတယ်လို့ ရှေ့နေ ဦးစံလှက RFA ကိုပြောပါတယ်။
ဒေါက်တာ ထွန်းအောင်(ခေါ်) နုရာဟက်ဟာ ၁၉၉၀ ခုနှစ် နိုင်ငံရေး အခင်းအကျင်း
ကာလမှာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီပါတီက မောင်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ထပ် အမှုရုံးချိန်းကိုတော့ တရားရုံး
က စက်တင်ဘာလ ၁၁ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။
သတင်းရင်းမြစ်း RFA

No comments:
Post a Comment