Wednesday, October 10, 2012

လက်ပံတောင်း စီမံကိန်း ရပ်ရန် ရွာသင်္ချိုင်းတွင် သရုပ်ဖော် ဆန္ဒပြ

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်သည့်
အနေဖြင့် ဘိုးဘွားများ၏ အုတ်ဂူသို့ သွားရောက်
 တိုင်တည်သည့် သရုပ်ဖော် ဆန္ဒပြပွဲ (Performance Art)တရပ် အင်္ဂါနေ့ နေ့လည်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။




မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲကျေးရွာ၏ အနောက်ဖက် သင်္ချိုင်းမြေတွင် 
လယ်မြေအသိမ်းခံ ၂၆ ရွာမှ လယ်သမား အင်အား ၁,၅ဝဝ ကျော်ဖြင့် စုပေါင်း
ကျင်းပခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ
ကိုအောင်စိုး က ပြောသည်။

“လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားအုတ်ဂူတွေဆီ သွားပြီးတော့ လယ်ယာ
မြေတွေ အဓမ္မသိမ်းခံနေရပြီ ဆိုတဲ့ အကြောင်း တိုင်တည်ကြတဲ့ အချိန်မှာ ဘိုး
ဘွားတွေရဲ့ ဝိဉာဉ်တွေက ထွက်လာပြီးတော့ သူတို့တွေကလည်း ကြေးနီ စီမံ
ကိန်းကို လက်မခံနိုင်တဲ့ အကြောင်းတွေကို ဆန္ဒထုတ်ဖော်တာပါ။ အုတ်ဂူတွေ
ကနေ၊ တမလွန်ကနေ ဘိုးဘွားတွေ ထလာကြပြီးတော့ ဆန့်ကျင်တဲ့အကြောင်း
 ပြောတယ်။ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်၊ ရပ်ဆိုင်ပစ် ဆိုပြီး ဟစ်ကြွေးကြတယ်ဗျ။ ပြီးတော့ တောင်သူ လယ်သမားတွေက ဒါဒို့မြေ ဒါဒို့မြေ
 ဒို့ပိုင်တဲ့မြေ ဆိုပြီး နိုင်ငံတော် သီချင်းကို အားလုံး အော်ဆိုပြီး အဆုံးသတ်ကြ
တယ်ဗျ” ဟု သရုပ်ဖော် ဆန္ဒပြပုံကို ရှင်းလင်း ပြောပြသည်။

အဆိုပါ နာရီဝက်ခန့်ကြာ ဆန္ဒထုတ်ဖော်ပွဲကို ရွာသူရွာသားများနှင့် အတူ
 ပြည်သူ့ အကျိုးဆောင် ကွန်ယက်နှင့်မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံကျောင်းသားများ
 ကွန်ယက်တို့လည်း ပါဝင်ခဲ့ကြသည်။

ရွာသားများ ကိုယ်တိုင် သရုပ်ဖော် တင်ဆက်ကြကာ ၎င်းတို့အစီအစဉ်ဖြင့် ၎င်းတို့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ကိုအောင်စိုး က ဆက်ပြောသည်။

“လုံခြုံရေးနဲ့ ကျနော်တို့ ထိပ်တိုက်မတွေ့ပါဘူး။ ကျနော်တို့ လုံခြုံရေးနဲ့ ထိပ်တိုက်
 တွေ့တာကို ရှောင်ထားတာ ခင်ဗျ။ ဘယ်သူ့ကိုမှ ခွင့်မတောင်းပါဘူး” ဟု ဆိုသည်။

ဆည်တဲရွာမှ ဦးပဉ္ဇင်းတပါးကလည်း “ရွာ ၂၆ ရွာက ဒေသခံ တောင်သူလယ်
သမားတွေ ချည်းပဲ။ ရွာ့အနောက်ဖက် သင်္ချိုင်းဖက်ကို ထွက်သွားကြတာ။ လက်
ပံတောင်းတောင်ကြီး ပျက်စီး ပျောက်ဆုံးသွားမယ့် အရေးကို ဆန့်ကျင်ကြဖို့၊
ဘိုးဘွားဝိဉာဉ်တွေကို တိုင်တည်တဲ့ ပွဲပါ။ လူများကြတယ်” ဟု မဇ္စျိမကို မိန့်ကြား
သည်။

ကြေးနီစီမံကိန်း ရပ်ဆိုင်းသွားသည်အထိ အစီအစဉ်များ ချမှတ်လုပ်ဆောင်သွား
မည် ဖြစ်ကြောင်း သိရသည်။

အစီအစဉ်များတွင် ဆည်တဲရွာရှိ ထန်းပင်များမှာ စီမံကိန်း ကုမ္ပဏီမှ ဘူဒိုဇာဖြင့်
 ကော်ယူထိုးလှဲ ခံထားရ၍ ထန်းပင်ပေါက်များ အသစ်တဖန်ပြန်လည် စိုက်ပျိုး
သွားမည့် ထန်းပင်စိုက်ပွဲများလည်း ပါဝင်သည်။

“ရွာသူရွာသားတွေကလည်း လက်ခံတဲ့အတွက် ထန်းပင်ပေါက်တွေကို ပြန်စိုက်
မယ်။ နောက်ဆုံးအဆင့်က အစာငတ်ခံ ဆန္ဒပြဖို့အထိ ဆုံးဖြတ်ထားပါတယ်” ဟု
 ကိုအောင်စိုး က ဆိုသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၊ တရုတ်နိုင်ငံမှ ဝမ်ပေါင် ကုမ္ပဏီနှင့် ဆားလင်း
ကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် တို့အား မလျော်ကန်သည့် သြဇာ
အာဏာသုံးစွဲမှု ရွာသူ၊ ရွာသားများအပေါ် မဖွယ်မရာ ပြုလုပ်မှု၊ သိမ်းပိုက်ခံ လယ်
ယာမြေ ဧရိယာအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုတို့ဖြင့် စက်တင်ဘာ ၈
ရက်နေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ရွာသားများက တိုင်ချက်ဖွင့်ထား
သည်။ အဆိုပါ တိုင်ချက်ကို ရဲစခန်းမှ အမှုလက်ခံထားလိုက်သည်။

လက်ပံတောင်းတောင် စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့်
တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ် လုပ်ဆောင်သည့် ကြေးနီ တူးဖော်ထုတ်
လုပ်ရေး စီမံကိန်းကြီးတခု ဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် အသိမ်းခံလိုက်ရ
သည့် လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော် အတွက် တောင်သူများက မကျေနပ်
၍ ဇွန်လမှ စတင်ကာ ပြီးခဲ့သည့် စက်တင်ဘာလအထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့
သည်။

ထိုစီမံကိန်းကြောင့် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုမှာ
 ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်
ရှိသည့် လက်ပံတောင်းတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်
သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်ကာ သဏ္ဍာန်အမျိုး
မျိုးဖြင့် ဆန္ဒဖော်ထုတ်နေ ကြခြင်း ဖြစ်သည်။

ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်
ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း
ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားပြီး တူးဖော်နေသည့် ကုမ္ပဏီများကလည်း
မရပ်ဆိုင်းဘဲ ဆက်လက် လုပ်ကိုင်သွားမည်ဟု ပြောဆိုထားသည်။


"လက်ပံတောင်းတောင်စီမံကိန်း ရပ်စဲရေးအတွက် 
သချိုင်းမြေက သေသူတွေ ရှင်သူတွေနဲ့အတူပါဝင်
လာကြပြီ"
အောက်တိုဘာလ ၉ ရက်ညနေ ၂နာရီခွဲ မှ ၃နာရီခွဲ ခန့် အထိဆည်တည်းကျေးရွာ
 သင်္ချိုင်းကုန်းတွင် “လက်ပံတောင်းတောင်စီမံကိန်း ဧရိယာ အတွင်းရှိမြေသိမ်းခံ
 ကျေးရွာများ မှ ဝိညာဉ်များ မှ အရိုးတွန်သံ “ခေါင်းစဉ်ဖြင့်  PERFORMANCE
 ပြုလုပ်ကာ

လက်ပံတောင်းမှာ သေသူတွေရဲ့ ၀ိဥာဉ်များက သားစဉ်မြေးဆက်များ ဘိုးဘွား
ပိုင်မြေအား မျိုးဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်း အမွေးပေးပြီး အမိမြေကို
အသက်ပေးလို့ ကာကွယ်ရမယ်ဆိုတာ......သချိုင်းမြေတွေ ရုံးကြွ မြေပြင်အောက်က ကကြုံးဝါးသံတွေနဲ့ နိုးထလာခြင်းတွေနဲ့ အမိမြေကို ကယ်နေတဲ့ သားမြေးတွေနဲ့
အတူ လက်ပံတောင်းတောင်နဲ့ ဒေသကျေးရွာ သဘာဝတွေ မပျောက်ပျက်ဖို့အရေး ယှဉ်တွဲရှိနေမယ်ဆိုတာ....ဒီနေ့ ပါဖော့မတ်စ် အတ် တစ်ခုအနေနဲ့ ဒေသခံတွေကြား
စိတ်ဓာတ်ခွန်အားတွေ ပိုမိုနိုးကြားလာစေဖို့ အတွေးစတွေနဲ့ ရွာသားတွေက
အမိမြေအတွက် အရာရာကိုလုပ်ဖို့ ပေးဆပ်ဖို့ အသင့်ရှိတယ်ဆိုတာကို ဘယ်လို
လူတွေက ရူးတယ်ထင်ရင်တောင် ဂရုမစိုက်ပဲ....မိမိတို့ ယာမြေ၊ရွာတွေ၊ဒေသ
အလှသဘာဝနဲ့ လက်ပံတောင်းတောင်ကြီး မပျောက်ပျက်ရေးအတွက် အရာရာ
ကို ပေးဆက် လုပ်ဆောင်ဖို့ဝန်မလေးကြောင်း သချိုင်းမြေမှာ ၀ိဥာဉ်များထမြောက်
ခြင်းပွဲတော်ကြီးကို ကျင်းပခဲ့ကြတယ်တဲ့ဗျာ......... လက်ပံတောင်းတောင် စီမံကိန်း
မရပ်သ၍ သချိုင်းမြေက သူတို့ရွာသားတွေနဲ့အတူ တရားမျှတမှု တိုက်ပွဲအတွက်
ဒုတိယ အကြိမ်သေမယ်ဆိုရင်တောင် ဒီတိုက်ပွဲကို တိုက်ရမယ်တဲ့ဗျာ.......
(KO WAILU)
Photo..The voice weekly,Heinminhtet Htet


အနတ္တ

ဒါ...ဘာလဲ!
ဖြစ်ပျက်ခဲ့ ခန္တာတစ်ဘက်စွန်းရဲ့
အမှောင်တိုက်တွေလား
ဝိညာဉ်တွေလား
မှားမယ်....မှားလိမ့်မယ်
ဒါ...နာနာဘာဝမဟုတ်
အယူတိမ်းနတ်စိမ်းလဲမဟုတ်
တစ်ခုတော့သေချာတယ်
ဒါ.....
ရာဇ၀င်စာတင်မယ့် တော်လှန်ရေး
အပေးအယူဆိုတာဗလာမဲ့
သည်အရာ...ဒီအဖြစ်...
အားလုံးပိုင်ဆိုင်ရမယ်
တစ်လက်မမှာမလွန်ကျူးစေရ...
သည်မြေ...
ငါတို့အားလုံးပိုင်တဲ့မြေ...။

အဇ္ဈတ္တ

တွေးမိရဲ့လား၊တွေးရဲရဲ့လား
မြင်လိုက်တာနဲ့
နှလုံးသားမှာဆူပွက်
ဒါ...အနုပညာလား
ဒါ...ကစားကွက်တစ်ခုလား
အကြိမ်ကြိမ်ကြည့်
အဖန်တရာ ရင်နာတယ်။
ဒီချဉ်ချင်းဟာ
လိမ္မော်သီးစားရုံနဲ့မပြည့်စုံနိုင်ဘူး။
ကိုင်း...လူကြီးမင်းတို့
ဒါ...ပုန်ကန်တာမဟုတ်
ဒါ...ပရောဂကြောင့်မဟုတ်
နားလည်ပါ...လူကြီး လူကောင်းဆန်ပါ
အမျှော်အမြင်ကြီးပါ
ပြောပါရစေ...
အားနာပါရဲ့....
ဒါတို့ပြည်..တို့မြေ..
အဘိုးတန်တဲ့မြေ....
.........................။
ခက်ထဏ် — 
 
သတင်းရင်းမြစ်    မဇ္ဈိမ   ၊  ဒေါင်းမာန်ဟုန်   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ