Sunday, November 4, 2012

မြန်မာနိုင်ငံအတွင်း တရားမ၀င် စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းဖြူကို တရုတ်နိုင်ငံမှ အများဆုံး ၀ယ်ယူနေ

856 ကမ္ဘာပေါ်တွင် ဘိန်းဖြူ စိုက်ပျိုးမှု ဒုတိယ အများဆုံးဖြစ် သည့် မြန်မာ
နိုင်ငံ မှ ထွက်ရှိသော ဘိန်းဖြူ အား တရုတ်နိုင်ငံမှ အဓိက ၀ယ်ယူ
နေကြောင်း သိရှိရပါသည်။




မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုမှာ ၂၀၁၁ ခုနှစ်တွင် ဟတ်တာ ပေါင်း ၃၉၈၀၀ ခန့် စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်း တန် ၆၁၀ ခန့် ထွက်ရှိကာ ၂၀၁၂ ခုနှစ်တွင် ဟတ်တာပေါင်း ၅၁၀၀၀ ခန့်စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်း တန် ၆၉၀ ခန့် အထိ ထွက်ရှိနိုင်ကြောင်းလည်း သိရှိရပါသည်။

၁၉၉၂ ခုနှစ်မှ စတင်၍ လက်ရှိကာလအထိ ဆယ်နှစ်တာကာလ အတွင်း ဘိန်းဖြူ ဖမ်းဆီးမိခဲ့သည့် အကြိမ် အရေအတွက်ပေါင်း ၇၉ ကြိမ်ရှိခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ် လာ ၁၈ ဘီလျံကျော် ဖျက်ဆီးမှု များပြု လုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်းက ပြောပါသည်။

“မြန်မာနိုင်ငံကထွက်တဲ့ ဘိန်းဖြူကို တရုတ်ဈေးကွက်ထဲ အများဆုံး တင်ပို့နေပြီး ကျန်တဲ့ဘိန်းဖြူတွေက အရှေ့တောင်အာရှကနေ တခြားကမ္ဘာ့ နိုင်ငံတွေကို ထွက်သွားပါတယ်။ ပြည်တွင်းသုံးစွဲမှု က တော်တော် နည်းပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ပါသည်။

“မြန်မာနိုင်ငံမှာ ဘိန်းဖြူနဲ့ပတ်သက်ပြီး တရားဝင်စစ်တမ်းတွေ အရ မှတ်ပုံတင်သုံးစွဲသူနဲ့ တခြားအထောက် အထားတွေ အရ လူဦးရေ ၇၅၀၀၀ လောက်အထိ ဘိန်းဖြူ သုံးစွဲနေပါတယ်။ နောက်ပြီး ၁၉၉၂ ခုနှစ်ကနေ လက်ရှိကာလအထိ ဘိန်းဖြူဖမ်းဆီးမိခဲ့တဲ့အမှုပေါင်း ၇၉ ကြိမ်ရှိပြီး ဖမ်း ဆီးရမိခဲ့တဲ့ ဘိန်းဖြူတွေကို ဖျက်ဆီး ခဲ့ တဲ့ တန်ဖိုးပေါင်းက အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော်အထိရှိ နေပါတယ်”ဟု ဦးကျော်ကျော်ထွန်း က ပြောကြားခဲ့ပါသည်။


ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေရသည့် မိသားစုဝင်ဦးရေမှာ သုံးသိန်းခန့်ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်း ခန့်မှန်းဘိန်းစိမ်းထွက်ရှိမှုမှာ ၆၉၀ မက်ထရစ်တန် အထိရှိနေ . . .


မြန်မာနိုင်ငံတွင် နှစ်စဉ် ဘိန်းစိုက်ပျိုးမှုနှင့် အထွက်နှုန်းမှာ အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်နေသော် လည်း ပြည်တွင်းဘိန်းဖြူသုံးစွဲမှု နည်းပါးပြီး မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် ဘိန်းဖြူများကို တရုတ်နိုင်ငံ ဈေး ကွက် အတွင်း အများဆုံးရောက် ရှိသွားကြောင်းလည်း ဦးကျော်ကျော်ထွန်းက ဆက်လက်ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု နှစ်စဉ်မြင့်တက်လာနေသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဘိန်း စိုက်ပျိုး မှု လျှော့ချနိုင်ရေးအတွက် နှစ်စဉ် ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း သိရှိရ ပါသည်။

မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် ကချင်ပြည်နယ် စသည့်ဒေသ များဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ခန့်မှန်း စိုက်ဧကမှာ ၅၁၀၀၀ ဟတ်တာအထိ ရှိနေကြောင်းလည်း သိရှိရပါသည်။

ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေရသည့် မိသားစုဝင်ဦးရေမှာ သုံးသိန်း ခန့်ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်း ခန့် မှန်း ဘိန်းစိမ်းထွက်ရှိမှုမှာ ၆၉၀ မက်ထရစ်တန်အထိ ရှိနေကြောင်းလည်း သိရှိရပါသည်။

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ဧရိယာ ၅၁၀၀၀ ၀န်းကျင်အနက် ဟတ်တာပေါင်း ၄၆၀၀၀ ခန့်မှာ ရှမ်းပြည်နယ် တွင် စိုက်ပျိုးနေပြီး ကျန်စိုက်ဧကများမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်အခြားဒေသများတွင် စိုက်ပျိုးနေကြောင်း သိရသည်။

လယ်မြေ သိမ်းဆည်းခံရမှုများ နှင့် ပြည်တွင်း လက်နက်ကိုင်များ ရှိနေသည့် ရှမ်းပြည်နယ်၊ ကချင် ပြည် နယ်နှင့် အခြားဒေသများတွင် ဘိန်းစိုက်ပျိုးမှုမှာ နှစ်စဉ်မြင့်တက်လာနေပြီး ထိုကဲသို့ မြင့်တက်လာမှု အားလျှော့ချနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဦးကျော်ကျော်ထွန်း က အောက်တိုဘာလ ၃၁ ရက် နေ့က ပြောကြားခဲ့သည်။

“ဘိန်းစိုက်ပျိုးမှု ပြဿနာက မြန်မာနိုင်ငံရဲ့ ပြဿနာတစ်ခု မဟုတ်တော့ဘဲ ဒေသတွင်း ပြဿနာ တစ်ခု ဖြစ် လာနေပါတယ်။ ဘိန်းစိုက်ပျိုးနေတဲ့ ကျေးရွာတွေက လူတွေကို  ဘိန်းအစား ၀င်ငွေရသီးနှံစိုက်ဖို့၊ လယ်ယာ စိုက်ပျိုးမှုတွေလုပ်ဖို့၊ ဈေးကွက်ရှာဖို့အတွက် နိုင်ငံတကာအကူ အညီတွေအများကြီး လိုအပ်ပါ တယ်။ နောက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက် ရေးစီမံချက်ကာလကိုလည်း ငါးနှစ်ထပ်တိုးထားပြီး ၂၀၁၉ ခုနှစ် အထိ လုပ်သွားဖို့ ရှိပါတယ်။ အခုဆို ရှမ်း ပြည်နယ်တောင်ပိုင်းမှာ အစားထိုး သီးနှံ လုပ်ငန်းတွေလုပ်ဖို့ စီမံကိန်း လေးခုချထားတာတွေ ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ညှိနှိုင်းပြီး လယ်ယာ ကဏ္ဍကို ပြန်လည် မြှင့်တင်ပါမယ်”ဟု ဦးကျော်ကျော် ထွန်းက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း ဘိန်းစိုက်ပျိုး မှုတွင် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုမှာ အာဖဂန်နစ္စတန်နိုင်ငံ ၏ နောက် ဒုတိယနေရာတွင် ရှိနေကြောင်းလည်း သိရှိရပါသည်။

၂၀၁၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဆိုင်ရာ စစ်တမ်းများအရ အရှေ့တောင် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ သည် ဘိန်းစိုက်ပျိုးမှု ဟတ်တာ ပေါင်း ၅၁၀၀၀၊ လာအိုနိုင်ငံသည် ဟတ်တာပေါင်း ၆၈၀၀ နှင့် ထိုင်း နိုင်ငံသည် ဟတ်တာပေါင်း ၂၀၉ ဟတ်တာအထိ စိုက်ပျိုးလျက်ရှိပြီး အဆိုပါပမာဏမှာ ကမ္ဘာ့ ဘိန်းပန်းပင် စိုက်ပျိုးမှု၏ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

“ဘိန်းဖြူ ဖြစ်လာစေမယ့်ဘိန်း စိုက်ပျိုးမှုက မြန်မာနိုင်ငံမှာ အများဆုံးဖြစ်နေပေမယ့် တကယ်ကို စီးပွားဖြစ် ဘိန်းဖြူအဆင့် ရောက်ရှိအောင် ဓာတုဆေးဝါးတွေ အသုံးပြု ချက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လည်း အမြစ်ပြတ်ချေမှုန်း ရပါမယ်။ ဒါမှလည်း ဘိန်းစိုက်ပျိုးမှုကို လျှော့ချနိုင်ပါမယ်”ဟု UNODC မှ Country Manager Mr.Jason Eligh က ပြောကြားခဲ့သည်။ 

သတင်းရင်းမြစ်    Eleven Media Group                  

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ