ပြီးခဲ့တဲ့နှစ်
အောက်တိုဘာလက မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့
ပတ်သက်ပြီး အဓိကတရားခံအနေနဲ့ စိုင်းနော်ခမ်းကို သူ့နောက်လိုက် ၃ ဦးနဲ့အတူ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက စစ်ဆေးပြီး နိုဝင်ဘာ ၆
ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တာပါ။
ပြစ်ဒဏ်ကျူးလွန်ကြောင်း စိုင်းနော်ခမ်းက ၀န်ခံဖြောင့်ချက်ပေးပြီးတဲ့နောက် တရားရုံးက စီရင်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ မိသားစုတွေ ငှားရမ်းထားတဲ့ ရှေ့နေကတဆင့်
တရားရုံးမှာ အယူခံဝင်မယ်လို့ စိုင်းနော်ခမ်းရဲ့ဆရာ အမ်တီအေတပ်မှူးဟောင်း
ဗိုလ်မှူးကြီး စ၀်ဆုလိုင်းက ပြောပါတယ်။
စိုင်းနော်ခမ်းမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအ၀င် သားသမီး စုစုပေါင်း
၇ ဦးရှိပြီး မကျန်း မမာဖြစ်နေတဲ့ မိခင်အိုလည်း ရှိနေသေးတာကြောင့် သူ့ကို
မသေစေလိုကြောင်း ညီမဖြစ်သူ နန်းဟွမ် က ပြော ပါတယ်။
“သူ့ကို အရမ်းသနားတယ်။ သူက အရမ်းသဘောထားကောင်းတယ်။ အကူအညီလို ရင်
မောင်နှမတွေ တင်မကဘူး သူထောက်ပံ့တာတွေ ရှိတယ်။ သေရေး ရှင်ရေးဆိုလည်း သူက
ကြည့်ပေါးတယ်။ အမေ ကတော့ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ် အစုံပဲ။
အမေသိသွားလို့ကတော့ လန့်ပြီး သေသွားမလားဆိုပြီး အရမ်းလည်း စိတ်မကောင်းဘူး။
ပြောလည်း မပြောရဲဘူး ဒီအချိန်ထိ။”
သူတို့မောင်နှမ ၆ ဦးအနက် တတိယမြောက်သား စိုင်းနော်ခမ်းက ရှမ်းပြည်နယ်
မြောက်ပိုင်း တန့်ယန်းမြို့ နယ် မိုင်းရယ်မှာ မွေးဖွားပြီး ပညာအရည်အချင်း ၎
တန်းထိပဲ သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ရွာမှာ တော်လှန်ရေးတပ်က စစ်သားစုဆောင်းရေး လာခေါ်တဲ့အတွက် အသက် ၁၄ နှစ်ကတည်း က နေအိမ်ကနေ ထွက်ခွာသွားခဲ့တယ်လို့ နန်းဟွမ်က ပြောပါတယ်။
ဒီနောက် အမ်တီအေတပ်ထဲ ၀င်သွားတယ်လို့ သတင်းကြားပြီး အဆက်အသွယ်
ပြတ်သွားရာက ၁၉၉၆ ခုနှစ် အမ်တီအေ လက်နက်ချပြီးတော့ ပြည်သူ့စစ်အနေနဲ့
အဆက်သွယ်ပြန်ရတယ်လို့ ဆိုပါတယ်။
သူအဖမ်းခံရပြီးတဲ့နောက် သူ့ဇနီး နန်းဆိုင်နွန်းဟာ ပတ်ဝန်းကျင်ရဲ့
မေးငေါ့မှု၊ အာဏာပိုင်တွေရဲ့ အကြိမ် ကြိမ် လာရောက် စစ်ဆေးမှုဒဏ်တွေ
မခံနိုင်တော့ဘဲ ကလေးတွေနဲ့အတူ ပုန်းရှောင်နေတယ်လို့ နန်းဟွမ် က ပြောပါတယ်။
အမ်တီအေတပ်ထဲမှာ ၁၀ နှစ်ကျော် အတူနေထိုင်လာခဲ့သူ စိုင်းနော်ခမ်းရဲ့
ဆရာရင်း ဗိုလ်မှူးကြီး စ၀်ဆုလိုင်းက စိုင်းနော်ခမ်းဟာ အမိန့်နာခံတတ်သူ၊
လုပ်ဖော်ကိုင်ဖက်တွေအပေါ် သံယောဇဉ်ကြီးပြီး ပေး ကမ်းစွန့်ကြဲတတ်သူ၊
စကားနည်းသူ၊ အတန်းပညာမမြင့်ပေမယ့် မြန်မာစကားနဲ့ ရှမ်းစကားအပြင် လားဟူ၊
တရုတ် ၊ လော နဲ့ ထိုင်းစကားတွေကို တီးမိခေါက်မိ ပြောတတ်သူလို့ ဆိုပါတယ်။
မူးယစ်ဆေးနဲ့ ပတ်သက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ မြန်မာမူးယစ်ရဲတပ်ဖွဲ့က
တာချီလိတ် မှာရှိတဲ့ စိုင်းနော်ခမ်း ရဲ့ နေအိမ်ကို ၀င်စီးတဲ့အတွက်
မဲခေါင်မြစ်ဒေသဘက် ထွက်ပြေးပုန်းရှောင်ပြီး တပည့်တွေနဲ့အတူ
လှုပ် ရှားနေ တာလို့ စ၀်ဆုလိုင်းက ပြောပါတယ်။
အဲဒီဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူဟာ စိုင်းနော်ခမ်းအဖွဲ့တခုတည်း
မဟုတ်တဲ့အတွက် သူ့ကို အခုလို သေဒဏ်ပေးပေမယ့်လည်း မူးယစ်ဆေး
ပပျောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ရွှေတြိဂံဒေသရဲ့ မူးယစ်ရာဇာအဖြစ် သတ်မှတ်တဲ့ စိုင်းနော်ခမ်းကို
ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က
အလိုရှိကြောင်း ဆုငွေထုတ်ခဲ့ပါတယ်။ လာအိုနိုင်ငံ ရဲတပ်ဖွဲ့တွေက ၂၀၁၂ ခုနှစ်
ဧပြီ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရုတ်အစိုးရလက်ထဲ
အပ်နှံပြီး ရုံးတင်ခဲ့တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment