Thursday, September 6, 2012

အခြေခံ ပညာရေး ၀န်ထမ်း များအား ယခုလမှ စတင်၍ လစာတိုး


အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်
အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ၀န်ထမ်းများနှင့် ဆရာ
ဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများအတိုင်း တိုးမြှင့်ပေးသွား

မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနက
ပြောသည်။

ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်
တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြား
ရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။

မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်
ပညာရေးမှူးကို ဒုတိယညွှန်ကြားရေးမှူးအဆင့်နှင့် လစာသို့လည်းကောင်း၊
 ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများကို ညွှန်ကြား ရေးမှူးအဆင့်နှင့်
လစာသို့လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။

လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိ
လစာပေါ်တွင် ၇ ရာခိုင်နှုန်းခန့်တိုးမည်ဖြစ်သည်။

လက်ရှိရာထူးထက် တစ်ဆင့်တိုးပြီး လစာပေးခြင်းကို လေးနှစ်အတွင်း လေး
သုတ်ခွဲ လုပ်ဆောင်သွားမှာဖြစ်ကာ "ပထမဦးဆုံးအသုတ်မှာတော့ ပင်စင်ယူ
ကြတော့ မယ့်သက်ကြီးတွေနဲ့ ထူးချွန်တဲ့ဆရာ၊ ဆရာမတွေကို ဦးစားပေး
ဆောင်ရွက်မှာပါ" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက မဇ္ဈိမကိုပြောသည်။

ထို့ပြင်ပညာရေးကဏ္ဍ ပိုမိုအားကောင်းစေရန် ခရိုင်အဆင့်ပညာရေးမှူးများကို
လည်း ယခုနှစ်အတွင်း တိုးချဲ့ခန့် အပ်သွားရန် စီစဉ်နေကြောင်း ဦးအောင်ရှိန်
"တိုင်းအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးတွေရှိတဲ့ နေရာတိုင်းမှာ တိုင်း
ပညာရေးမှူးတွေ ထားရှိမှာဖြစ်ပြီး၊ ရန်ကုန်ကိုတော့ ရုံးချုပ်က တိုက်ရိုက်
ကွပ်ကဲသွားပါမယ်။ ရန်ကုန်အနေနဲ့ ခရိုင်လေး ခုရှိတဲ့အတွက် ခရိုင်ပညာရေး
မှူးလေးဦး ထားရှိသွားပါမယ်"ဟု ဦးအောင်ရှိန် ကပြောသည်။

ရန်ကုန်တွင်ထားရှိမည့် ခရိုင်များတွင် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးကို
သံလျင်၌ လည်းကောင်း၊ မြောက်ပိုင်းခရိုင်ပညာရေးမှူးရုံးကို အင်းစိန်၌
လည်းကောင်း၊ ရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးကို သင်္ဃန်းကျွန်း၌လည်းကောင်း
 ခန့်ထားသွားမည်ဖြစ်ပြီး အနောက်ပိုင်းခရိုင်ပညာရေးမှူးရုံးကို လမ်းမတော်
ရှိ ယခင်ရန်ကုန်တိုင်း ပညာရေးမှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

သတင်းရင်းမြစ်    မဇ္ဈိမ              

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ