Thursday, November 1, 2012

ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးမှ ကြေငြာချက် ထုတ်ပြန်

     ရခိုင် ပြည်နယ်   အတွင်း ပဋိပက္ခများ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိ ပေး ကြေညာခြင်း အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံးမှ သတင်းထုတ်ပြန်ချက် အမှတ် ( ၂ / ၂၀၁၂)ဖြင့် ၂၀၁၂ခုနှစ် 
 အောက်တိုဘာလ(၃၁)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်



ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေး ကြေညာခြင်း

၁။ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ် ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန် ကြေညာခဲ့ ပြီးဖြစ်ပါသည်။

၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင် ပျက်စီး သည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။

၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက် ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင် များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ် များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြု လုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရ မိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက် ဆီး ခြင်း ကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက် များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက် အဖွဲ့အစည်း မှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက် အထား များ ကို တွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့် ပတ်သက်၍ ကမ္ဘာ့  အလယ်တွင် နိုင်ငံတော်၏  ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်း
စေရေး အတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်း စွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ် များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူ များကို နောက် ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
သတင်းရင်းမြစ်   နိုင်ငံတော်သမ္မတရုံး Website  

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ