Thursday, November 1, 2012

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ

Photobucketမန္တလေးမြို့တွင်   ဗြောက် မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီး  တစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။





 သီတင်းကျွတ်လပြည့်ည ၈ နာရီခွဲအချိန်က မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ နယ်မြေလှည့်ကင်းအဖွဲ့ ကင်းလှည့်စဉ် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂိရိရပ်၊ လမ်း-၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား အရောက်တွင် ဗြောက်အိုးပစ်ဖောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား ဗြောက်မဖောက်ရန် လှည့်ကင်းအဖွဲ့မှ ရဲတပ်ကြပ်ကြီးက တားမြစ်ခဲ့ရာမှ လူငယ်မှ လက်မခံဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ် ကန်ကျောက်မှု ပြုလုပ်ခဲ့ရာ ထိုးကြိတ်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးမှာ ရုတ်တရက် စကား မပြောနိုင်တော့ဘဲ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှုပုဒ်မ ၂၉၄/၃၃၃ ဖြင့် အမှတ်(၅) ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ရပ်ရွာလုံခြုံရေးအပေါ် ထိခိုက်မှုရှိနိုင်သဖြင့် ဗြောက်အိုး၊ မီးရှူး မီးပန်းများ ပစ်ဖောက်ရောင်းဝယ်ခြင်း မပြုရန် မန္တလေးတိုင်းအစိုးရအဖွဲ့မှ တားမြစ်ထားကာ တားမြစ် ချက်ကို မလိုက်နာသူများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာ မြို့နယ်ထွေအုပ်မှ တရားလိုပြုလုပ် ကာ တရားဝင်ကြေညာချက်ကို ဆန့်ကျင်သည့် ပြစ်မှုပုဒ်မ-၁၈၈ ဖြင့် အရေးယူဆောင် ရွက်နေကြောင်း မန္တလေး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးငြိမ်းကပြောသည်။

လက်ထဲတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းတွေ့လျှင် ရောင်းသူ၊ ၀ယ်သူ၊ ပစ်ဖောက်သူ မည်သူကိုမဆို ဖမ်းဆီး အရေးယူနေကြောင်း ၄င်းကပြောသည်။

ရဲမှူးစိုးငြိမ်းက "ပင်ရင်းရောင်းတဲ့ဆိုင်တွေကို အဓိကဖမ်းချင်ပါတယ်။ သတင်းပေးတိုင်ကြားကြပါ" ဟု ပြော သည်။

မန္တလေးမြို့ပေါ်တွင် ဗြောက်အိုး၊ မီးရှူးမီးပန်း ရောင်းချသူများကို ဖမ်းဆီးအရေးယူမှု အနေဖြင့် အောက်တို ဘာ ၂၈ ရက်တွင် ၄ မှု၊ ၂၉ ရက်တွင် ၉ မှု၊ ၃၀ ရက်တွင် ၁၈ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ လာမည့် တန်ဆောင်တိုင် ကာလ၊ ခရစ်စမတ်ကာလတွင်လည်း တင်းကြပ်စွာ ဖမ်းဆီးအရေးယူမှုများ ဆက်လက်ပြု လုပ် သွားမည်ဖြစ်ကြောင်း ရဲမှူးစိုးငြိမ်းကပြောသည်။

ဖမ်းဆီးရမိသော ဗြောက်အိုး၊ မီးရှူးမီးပန်းများမှာ တရုတ်နိုင်ငံလုပ်များ အများဆုံးဖြစ်ပြီး ဗြောက်အိုး တစ်ခုချင်းစီ၏ တန်ဖိုးမှာ ကျပ်ရာဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ တန်ကြေးရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


သတင်းရင်းမြစ်   7 days News   Journal      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ