Thursday, November 1, 2012

SSPP/SSA တပ်သား ၅၀ ခန့်အား သောင်းကျန်းသူဟု ဆိုကာ အစိုးရတပ် ဖမ်းဆီး

SSPPရွှေလီမြစ်ဝှမ်းဒေသအတွင်းလှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/ SSA ၏တပ်သားအယောက် ၅၀ ခန့်အား ဖမ်းဆီး၍ ၄င်းတို့ အား လည်း သောင်းကျန်းသူဟု မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်း ဌာနက ယမန်နေ့က စွပ်စွဲလိုက်ပါသည်။




“အဖမ်းခံရတာက ရွှေလီမြစ်ဝှမ်းဘက်လှုပ်ရှားတဲ့ ကျနော်တို့ တပ်ဖွဲ့တွေလေ။ ကျနော်တို့က အပစ်ရပ် ထားတဲ့တပ်ဖွဲ့ ဘဲ။ လူ အယောက် ၅၀ မှာ သေနတ် တစ်လက်ဘဲကိုင်ထားတယ်။ ကျနော်တို့ကို သူတို့က ရန်သူလို့သတ်မှတ်ရင်လဲ မတတ်နိုင်ဘူး။ လုပ်စရာရှိတာ ဆက်လုပ်သွားရမယ်။ ဒါက ကျနော်တို့သျှမ်းပြည် ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေဘဲ။” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်းဌာနက - ‘သောင်းကျန်သူများ၏ လုပ်ရပ်အား လက်မခံ၊ နှစ်မြို့ခြင်း မရှိသည့် ဒေသခံများမှ   နယ်မြေခံပြည်သူ့စစ်နှင့် တပ်မတော်  စစ်ကြောင်းများအား သတင်း  အတိအကျ 
ပေးခဲ့မှုကြောင့် ၂၀၁၂ အောက်တိုဘာ ၂၆ ရက် နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိပ်တိုက် ပစ်ခတ် မှုကြောင့် တပ်မဟာ ၁ ဝမ့်ဟိုင်း မှ တပ်သားနှစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိကြောင်း၊ စုစုပေါင်း ၄၈ ဦး အားအစိုးရတပ်မှ အရှင်ဖမ်းဆီးခဲ့ကြောင်း’ - မြဝတီသတင်းဌာနက ရေးသားပါသည်။

အစိုးရတပ်ထိန်းသိမ်းခဲ့သော သျှမ်းပြည်တပ်မတော်သားများမှာ အောက်တိုဘာ ရ ရက် ကချင်ပြည်နယ် မန်စီမြို့နယ် ကုန်းခမ်းကျေးရွာအနီး စစ်ရေးသင်တန်းကျောင်းဆင်း ရဲဘော်သစ် ၄၄ ဦးပါဝင်ကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် လားမြို့နယ် အတွင်းမှ အဓမ္မစုဆောင်းခံ ရသူများဖြစ်
 သောကြောင့် ရဲတပ်ဖွဲ့မှတဆင့် မိဘဆွေမျိုးများထံ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်ကြောင်းလည်း မြဝတီ သတင်းဌာနက ရေးသားထားပါသည်။

“ကျနော်တို့နဲ့ အစိုးရတပ်အကြားအပစ်ရပ်တယ်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထား တယ်။ အဲဒီ တုန်းက ၅ ရက်အတွင်း အစိုးရကကျနော်တို့နယ်မြေထဲကနေ တပ်ဆုတ်ပေးမယ်ပြောတယ်။ တပ်မဆုတ်ပေးတဲ့ အပြင် ကျနော်တို့ကိုရန်ရှာတိုက်ခိုက်ခဲ့တာ တိုက်ပွဲပေါင်း ၄၀ ကျော်သွားပြီ” - ဟု ပြောခွင့်ရဗိုလ်မှူး စိုင်းလ ကပြော ပါသည်။

သျှမ်းပြည်မြောက်ပိုင်း နှင့် သျှမ်း - ကချင်နယ်စပ်တဝိုက်၌ မြန်မာအစိုးရအား UNFC တပ်ဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ ပူးပေါင်းတိုက်ခိုက်နေသည်ဟု ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်ဦး PSLF က သတင်းထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ